မင်းဘူး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင် လက်တွေ့ဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်နေမှု လုပ်ငန်းအားလုံး ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်း၌ ဆောက်လုပ်လျက်ရှိသည့် အဆိုပါသင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် လုပ်ငန်းနှစ်ရပ်ခွဲ၍ ဆောက်လုပ်လျက်ရှိကြောင်း၊ RC တစ်ထပ်စာသင်ဆောင် ပင်မအဆောက်အဦ (ပေ ၉၀ x ပေ ၃၀ x ၁၂ ပေ) အရွယ် အစားရှိ ပထမလုပ်ငန်းတစ်ရပ်ကို ခွင့်ပြုငွေ ၁၆၁ ဒသမ ၅၄၁ ကျပ်သန်းဖြင့် ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း၊ အလားတူ (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ) အရွယ် အစားရှိ RC တစ်ထပ် စားသောက်ဆောင်နှင့် မီးဖိုဆောင်အပြင် ရေစင်၊ ရေကန်နှင့် လျှပ်စစ်မီး သွယ်တန်းခြင်း ဒုတိယလုပ်ငန်းတစ်ရပ်ကို ခွင့်ပြုငွေ ၁၆၀ ဒသမ ၉၀ ကျပ်သန်းဖြင့် ချိုဇင်သံသာ ဆောက်လုပ်ရေးကုမ္ပဏီတို့က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ စတင်ကာ အသီးသီးတာဝန်ယူ ဆောက်လုပ်ရှိဖြစ်ကြောင်း၊ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ အားလုံး ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းနှစ်ရပ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံတောင်သူများအတွက်များစွာ အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
အဆိုပါသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲများ၊ အခြားဖွံ့ဖြိုးရေးကဏ္ဍများနှင့် ဒေသခံတောင်သူများအား စိုက်ပျိုးနည်းပညားပေးလုပ်ငန်းများကို ကဏ္ဍအစုံ ပေါင်းစပ်ဆောင်ရွက်နိုင်မည့်အပြင် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမှာဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)