ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာမြို့မစျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံကြည့်ရှုစစ်ဆေး

စလင်း ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေး မီးလောင်ပျက်စီး ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်းတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းက ကြီးကြပ်၍ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဆင်ဖြူကျွန်း စျေးကော်မတီဝင်များ၊ ဆင်ဖြူကျွန်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ဆင်ဖြူကျွန်းမြို့မ စည်ပင်သာယာစျေးအတွင်း ပွင့်လင်းရာသီကာလ၌ စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့် မြို့မစျေးအတွင်း၌ မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များအမြင့်တင်ရေစင်များ၊ မီးချိတ်မီးခတ်များနှင့် မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် ဒိုင်းရှင်းစက်များအား စမ်းသပ်မောင်းနှင် သရုပ်ပြခြင်းများပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(မောင်လွင်)စလင်း