ယင်းမာပင်မြို့တွင် လူထုလမ်းလျှောက်ပွဲနှင့်  အားကစားပြိုင်ပွဲ ကျင်းပ

ယင်းမာပင်  ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီအချိန်က ခရိုင်စုပေါင်းရုံးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

လမ်းလျှောက်ပွဲတွင် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ခရိုင်စုပေါင်းရုံးမှစတင်ကာ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းမကြီးတစ်လျှောက် သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ခရိုင် စုပေါင်းရုံးအတွင်းသို့ ဝင်ရောက်ကြကာ သွေးပူလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လမ်းလျှောက်ပွဲအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံအားကစားဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများကိုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)