မုဒုံမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြော

မုဒုံ    ဒီဇင်ဘာ    ၁၀    

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က  အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ဗိုလ်တေဇ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊  မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက  အမျိုးသမီးများအပေါ် ကြမ်းဖက်မှုပပျောက်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖွဲ့အစည်းများမှ နည်းမျိုး စုံဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအကြောင်းအရာနှင့် အမျိုးအစားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များမှ ကြိုတင်ကာကွယ် နိုင်ရေးနှင့် အကြမ်းဖက်မှုများတွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း၊ လူမှုအသိုင်းအဝိုင်းတွင် အကြမ်းဖက်ခံရမှုများ လျော့နည်းပြီး သာယာပျော်ရွှင်ဖွယ် လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း စသည့်အကြောင်း အရာများနှင့် ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့ပြီး နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)