ရေဦးတွင် မြို့နယ်အဆင့် လူရည်ချွန် စိစစ်ရွေးချယ်ရေးပြိုင်ပွဲကျင်းပ

ရေဦး ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊  ရေဦးခရိုင်၊ ရေဦးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ရေးလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ကိုယ်ကာယကြံ့ခိုင်ရေးယှဉ်ပြိုင် စစ်ဆေးခြင်းကို ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး ယှဉ်ပြိုင်နေမှုကို ခရိုင်ပညာ‌ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုနှင့် ကာယဆရာ၊ ဆရာမများနှင့် လူရည်ချွန်‌စိစစ်ရွေးချယ်‌ရေးအဖွဲ့တာဝန်ရှိသူများ၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေ‌ရေး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးရာတွင် အမျိုးသား မီတာ (၁၀၀) နှင့် မီတာ (၈၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ (၁၀၀) နှင့် မီတာ (၄၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင် ပြုလုပ်နိုင်မှု (ကြံ့ခံမှု) စစ်ဆေးခြင်းအပါအ၀င် အားကစားနည်း (၅) မျိုး ကိုယှဉ်ပြိုင်စေလျက် စစ်ဆေးရွေးချယ်ခဲ့ကြသည်။ လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲတွင်  အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၃၀)   ဦးပါ၀င် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး )