သထုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၀) ကြိမ်မြောက် အဘိဓမ္မာရိုးရိုး (၆၇)ကြိမ်မြောက် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် (၆၅)ကြိမ်မြောက် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံစာဖြေဌာန၌ အဘိဓမ္မာရိုးရိုး၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ (ပထမအဆင့်)ကိုဖြေဆိုရန် သီလရှင်(၁၇၇)ပါးနှင့် လူပုဂ္ဂိုလ်(၅၆)ဦး၊ စုစုပေါင်း(၂၃၃)ဦး စာရင်းပေးသွင်းထားသည့်အနက် သီလရှင်နှင့်လူပုဂ္ဂိုလ် စုစုပေါင်း(၂၀၀)ဦးခန့် လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲများကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆင့်သုံးဆင့် သတ်မှတ်ကာ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ပြီး သထုံမြို့နယ်စာဖြေဌာန၏ စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ပရဟိတဘာသာရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)