မင်းဘူးမြို့မှ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ဆောင်ရွက် လုပ်ကိုင်နေသည့် မြက်တံမြက်စည်းလုပ်ငန်း

မင်းဘူး  ဒီဇင်ဘာ  ၁၀

မြက်တံမြက်စည်း လုပ်ငန်းကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး၊ သက်တမ်း ၁၀ နှစ်ရှိကာ ရပ်ကွက်နေ ဒေသခံ မိသားစုဝင်များလည်း အိုးမကွာ၊ အိမ်မကွာ အလုပ်လာရောက် လုပ်ကိုင်နိုင်ကြသည်။

တံမြက်စည်းလုပ်ရန်အတွက် ကုန်ကြမ်းကို ပဒါန်း၊ ဂုတ်ကြီးစသော တောင်ပေါ်၊ တောင်ကြောဒေသများမှ ထွက်ရှိသည့် အလေ့ကျပေါက်သော မြက်များကို ထိုဒေသရှိ တောင်သူများထံမှ မြက်ထုံး တစ်ထုံးလျှင် ၁၁၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ တံမြက်စည်းရိုးပြုလုပ်သည့် ဝါးများကိုလည်း ပဒါန်း၊ လေးပင်ဒေသများမှ တစ်စည်းလျှင် ၃၀၀၀၀ ကျပ်ဖြင့် ဝယ်ယူပြုရကြောင်း သိရသည်။

မြက်တံမြက်စည်းသည် လူတိုင်းအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်မျိုး မဟုတ်သော်လည်း ဘုရားများ၊ ကျောင်းများ၊ ရုံးများ၊ ဈေးဆိုင်များနှင့် နေအိမ်အဆောက်အုံ သန့်ရှင်းရေးလုပ်ကိုင်သည့် လုပ်ငန်းများတွက် တစ်ချောင်းလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချရပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး လက်မလည်အောင် လုပ်ကိုင်ကြရသည်။

လက်ရှိတွင် အလုပ်သမား ယောက်ျားလေး ၈ ယောက်၊ မိန်းကလေး ၆ ယောက်ရှိ၍ လုပ်ခအနေဖြင့် တံမြက်စည်းတစ်ချောင်းလျှင် ၅၀ ကျပ်ပေးထားပြီး တစ်နေ့လျှင် ၇၀၀၀/၈၀၀၀ ရရှိကြကြောင်း လုပ်ငန်းပိုင်ရှင် ကိုမင်းဇော်ထံမှ သိရသည်။

တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး၊ သူ့လုပ်ငန်းအတွက် အလုပ်သမား ၁၄ ဦးသာ အလုပ်ပေးထားနိုင်သော်လည်း မင်းဘူးမြို့ပေါ်တွင် ဤကဲ့သို့ အသေးစား လက်မှုစီးပွားရေးလုပ်ငန်းများစွာရှိပါက အလုပ်သမား ရာ/ထောင်ချီ၍ လုပ်ငန်းများ ပေးထားနိုင်မှာဖြစ်ကြောင်း ဒေသတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုမှ တင်ပြအပ်ပါသည်။

ဇေယျာထက်(မင်းဘူး)