ကျွန်းလှမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထို ကွန်ကရစ်လမ်း (အရှည် ၂၆၄၀× အကျယ် ၁၂)ပေ ထု ၇ လက်မကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၁၂ ဒသမ ၇၁‌၄ သန်းဖြင့် ဇေယျာခုနှစ်သွယ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျေးရွာအဝင်လမ်းမှာ ကျွန်းလှ-သဖန်းဆိပ် ကားလမ်းမကြီးနဲ့ ဆက်သွယ်ထားပါတယ်။ ယခင်က ကျောက်ကြမ်းလမ်းသာဖြစ်ပြီး သွားလာရေးခက်ခဲပါတယ်။ ယခုလို ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် ရာသီမရွေး အချိန်တိုအတွင်းသွားလာနိုင်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပြောသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)