မော်လမြိုင် ဒီဇင်ဘာ ၁၀
အားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့် ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)နှင့် အခြေခံ ပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ အားကစားလိုက်စားသူ အများပြည်သူများအင်အား (၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ် အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်နှင့် ကမ်းနားလမ်း တစ်လျှောက် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်သူများသည် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်အတွဲအမှတ်(၂)၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့ တောင်းရိုးတန်းလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများအားခုတ်ထွင်ရှင်းလင်းဆောင်ရွက် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မော်လမြိုင်မြို့နယ်တောင်ရိုး တန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသဖြစ်ခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျှောက် လမ်းလျှောက်ခြင်းများ၊ အသက်ရှူလေ့ကျင့်ခန်းများ လာရောက်ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင်သန့်ရှင်း သာယာလှပပြီး လေကောင်းလေသန့်များ ရှူရှိုက်ရာတွင် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)