မုံရွာ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန် ကတ္တရာလမ်း၊ သာယာလှပရေးလုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကန်ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး လုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် စနစ်ကျသည့်စံပြမြို့တစ်မြို့ဖြစ်အောင် မြို့တွင်းလမ်း၊ တံတားနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူအများစိတ်ချမ်းမြေ့ ပျော်ရွှင်စွာအပန်းဖြေ အနားယူနိုင်ရေး၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရေးနှင့် မြို့သာယာလှပရေးလုပ်ငန်းများအား ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအတွက် သာယာလှပစွာ အပန်းဖြေကာ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရေးအတွက် အနောက်ဘက်ကန်သာယာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခုမြင်တွေ့ရသည့်အတိုင်းသာယာလှပပြီး အပန်းဖြေခြင်းနှင့် ကိုယ်ကာယကျန်းမာရေးဆိုင်ရာများကိုဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ မူလကန်ဟောင်းအား ပျမ်းမျှအနက် ၄ ပေတူး၍ နိုင်လွန်ကတ္တရာပတ်လမ်းများ ဖော်ဆောင်ခြင်း၊ မြို့လူထုအတွက် သောက်သုံးရေစစ်ကန်ဆောင်ရွက်ပေးခြင်း၊ ကန်ပတ်လည်နှင့် ရေလည်ကျွန်း များတွင် မြေထိန်းနံရံများ၊ စတီးလက်ရန်းများနှင့် လျှပ်စစ်အလှမီးတိုင်များ ဆောင်ရွက်ပေးခြင်း၊ အရိပ်ရပင်နှင့်ပန်းအလှပင်များစိုက်ပျိုး၍ သာယာလှပအောင် ဆောင်ရွက်ခြင်းတို့အပြင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုကျွန်း၏ ရင်ပြင်(၂)ဧကကိုလည်း နိုင်လွန်ကတ္တရာခင်းခြင်းနှင့် အားကစား၊ ဖျော်ဖြေရေးနှင့် စုပေါင်းလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အရှေ့ဘက် ကန်သာယာနှင့်အနောက်ဘက် ကန်သာယာကို ယခုကဲ့သို့သာယာလှပရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် မြို့နေပြည်သူများအနေဖြင့် ကျန်းမာရေး လေ့ကျင့် ခန်းနှင့် အထွေထွေဆောင်ရွက်လိုမှုများကို အစုအဖွဲ့အလိုက်နှင့် တစ်ဦးချင်းအတွက် ဆောင်ရွက်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယခုလို မုံရွာမြို့လယ်ရှိ ရေကန်များအား ထပ်မံ တူးဖော်ကာ ရေသိုလှောင်ထားနိုင်ခဲ့ခြင်းကြောင့် သဘာဝဂေဟစနစ်အား ထိန်းသိမ်းနိုင်ကာ စိမ်းလန်းသည့် ပတ်ဝန်းကျင် စနစ်ကိုဖြစ်ပေါ်စေပြီး လေကောင်းလေသန့်ရရှိ၍ သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ကောင်းများကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့၊ အနောက်ဘက်ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း၊ သာယာလှပရေး လုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် အချက် အလက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က မုံရွာမြို့၊ အနောက်ဘက် ကန်သာယာ ကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ်-၂၃ ပေ၊ ၃ လက်မခွဲထုဖြင့် ဆောင်ရွက်ခဲ့ပြီး ကန်ပတ်လမ်းတစ်လျှောက် စတီးလက်ရန်းများ၊ လျှပ်စစ်အလှမီးတိုင်များ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် သာယာလှပရေးလုပ်ငန်းများအား မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးတို့က မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း-အလုံမှ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)