ဇလွန် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် အ.ထ.က မေရီလန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က မေရီလန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမြင့်သိန်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက်လူငယ်စကားဝိုင်းကို ကျင်းပရာ Grade -11 ကျောင်းသား၊ကျောင်းသူများမှ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှသိလိုသည်များကိုခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းကို စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာပြောဆို တတ်ကြစေရန် ရည်ရွယ်၍ကျင်းပခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)