အိမ်မဲမြို့နယ်တွင် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်မိတ္တဗလ စသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲပြုလုပ်

အိမ်မဲ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပညာရေးဌာနမှကျင်းပသော မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလစသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ရွေးချယ်ဆောင်ရွက်နေကြောင်း သိရသည်။

“အိမ်မဲမြို့နယ်အနေနဲ့  ကာယ၊ ဥာဏ၊ စာရိတ္တနှင့် မိတ္တဗလစသည့် ဘက်စုံဖွံဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို ဒီဇင်ဘာလ (၅၊ ၆) ရက်နေ့ကနေစတင်ပြီး ရေးဖြေအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ နှုတ်မေးနှုတ်ဖြေအနေနဲ့ အထွေထွေဗဟုသုတ၊ ထုံးဓလေ့၊ လူမှုရေး၊ ကာယာစွမ်းရည်အနေနဲ့ ကျား/မ မီတာ (၁၀၀)၊ မ မီတာ (၄၀၀)၊ ကျားမီတာ(၈၀၀) အပြေးပြိုင်ပွဲ၊ ရပ်လျက်စုံခုန်၊ လက်ထောက်တွန်းတင်၊ အိပ်ထမတင် ပြိုင်ပွဲများကို ကျင်းပပေးပြီး အဲဒီပြိုင်ပွဲအားလုံးထဲကမှ အတန်းအလိုက် ကျား(၁) ဦး၊ မ (၁) ဦးစီ စုစုပေါင်း ကျား (၄) ဦး၊ မ (၄) ဦးကို မြို့နယ်အဆင့်ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အနေနဲ့ကတော့ အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အဋ္ဌမတန်း (G-9) မှာဆိုရင် ကျား (၄) ဦး၊ မ (၄) ဦး၊ ဒသမတန်း (G-10) မှာဆိုရင် ကျား (၅)ဦး၊ မ (၇)ဦး၊ ဧကာဒသမတန်း (G-11)မှာဆိုရင် ကျား (၅) ဦး၊ မ(၇)ဦး၊ ဒွာဒသမတန်းမှာဆိုရင် ကျား (၃)ဦး၊ မ (၃)ဦး စုစုပေါင်း ကျား (၁၇) ဦး၊ မ (၂၁)ဦး ဝင်ရောက် ဖြေဆိုတာဖြစ်ကြောင်း “အိမ်မဲမြို့နယ်ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်ပြောကြားချက်အရ သိရသည်။

အိမ်မဲမြို့နယ်ပညာရေးဌာနမှ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင် (၃၈)ဦးမှ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်မိတ္တဗလနှင့်ပြည့်စုံသော (Grade-9, 10, 11, 12)တို့မှ ကျား(၄) ဦး၊ မ (၄) ဦးရွေးချယ်ပြီး အဆိုပါရွေးချယ်ခံရသူများက ခရိုင်အဆင့်လူရည်ချွန်ပြိုင်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)