ယနေ့ခေတ် ကျောင်းသားလူငယ်များ စကားပြောစွမ်းရည်နှင့် လူအများရှေ့မောက်တွင်ဝိုင်းဖွဲ့ပြီး အပြန်အလှန် ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများကျင်းပ

မင်းဘူး ဒီဇင်ဘာ ၁၀

ယနေ့ခေတ် ကျောင်းသားလူငယ်များ စကားပြောစွမ်းရည်နှင့် လူအများရှေ့မောက်တွင်ဝိုင်းဖွဲ့ပြီး အပြန်အလှန် ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းများကို ဒီဇင်ဘာ ၈ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်းနှင့် ကျွဲတဲကျွေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်းနှင့် ကျွဲတဲကျွေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့မှ ကျောင်းအုပ်ဆရာ/ဆရာမများက အဖွင့်အမှာစကားများပြောကြားပြီး မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလိုင်၊ ဒုတိယဦးစီမှူးဒေါ်ချိုချိုဝင်းနှင့် ကျောင်းသား/ကျောင်းသူလေးများက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဝိုင်းဖွဲ့၍ ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသောမေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသည့် အသိပညာပေးနံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ဖြင့် ပူးပေါင်းပြီး ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ စကားပြောစွမ်းရည်နှင့် လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်၍ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စသည့်ရည်ရွယ်ချက်အစီအစဉ်များဖြင့် လူငယ်စကားဝိုင်း  ၁၃ ကြိမ်၊ ဟောပြောပွဲ ၃၅ ကြိမ်နှင့် Online အသိပညာပေး (Talk Show) ၂၃ ကြိမ်၊ စုစုပေါင်း (၇၁)ကြိမ်အထိ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်ထံက သိရသည်။

မောင်မောင်(မင်းဘူး)