ပြည် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ယမန်နေ့က စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း (ဝက်ထီးကန်)မှ ဒုတိယကျောင်းအုပ်ကြီး၊ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော ပြည်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်း သား ၂၀ ဦး တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးစွဲလူငယ်များအား နောက်ဆက် တွဲစောင့်ရှောက်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
၎င်းသင်တန်းကို သင်တန်းသား ၂၀ဦးဖြင့် သင်တန်းကာလရက် ၉၀ ကြာဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင်ဆပ်ပြာဆီပြုလုပ်နည်း၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်း၊ ဆံပင်ညှပ်ပညာ၊ တံဆိပ်ရိုက်ပညာနှင့် အုတ်ရိုက်နည်းပညာ စသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားဆောင်ရွက်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူထံမှသိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲ ညွှန်ကြားရေးမှူးဦးကျော်စွာက "လူငယ်များအနေဖြင့် မိမိတို့ အပေါ်နည်းမျိုးစုံ ဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုမည်သို့ ကာကွယ်တိုက်ဖျက်ရမည်ကိုသိရှိပြီး သတိပြုနားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေသော လူငယ်များကိုလည်း မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်ရမည်ကို သဘောပေါက်စေရန်အတွက် ယခုလို စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ကိုဆက်(ပြန်/ဆက်)