သဖြူဇရပ် ဒီဇင်ဘာ ၉
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် သဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယမန်နေ့က သံဖြူဇရပ်မြိုနယ်၊ ကျိုက္ခမီမြို့၊ မြို့မစျေးစည်ပင်ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်လှည့်စစ်ဆေးကုသရာတွင် ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဦး၏ ဦးဆာင်မှုဖြင့် Mobile Team Leader ဒေါက်တာတင်တင်နီလာထွန်းနှင့် ကျန်းမာရေးဝန်ထမ်းတို့က လာရောက်ပြသသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရွေ့လျားကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သောကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ရောဂါပိုးတွေ့ရှိသူများအတွက် ၆ လစာဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ကြောင်း ဝေဒနာရှင်များအနေဖြင့် ၎င်းတို့ထံမှတစ်ဆင့် ဆေးများကိုထုတ်ယူနိုင်ကြောင်း သိရသည်။
နယ်လှည့်စစ်ဆေးကုသခြင်းကို ပြည်သူလူထုအတွင်း တီဘီရောဂါဖြစ်ပွားပျံ့နှံ့မှုလျှော့ချရန်၊ တီဘီရောဂါအကြောင်းကို ပိုမိုသိရှိသဘောပေါက်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနသို့ သွားရောက်စစ်ဆေးရန် အခက်အခဲရှိသည့် သံသယလူနာများကို တီဘီရောဂါရှိ/မရှိ စမ်းသပ်ဆေးကုသပေးနိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ စုရပ် ၅ နေရာ၌ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ စုရပ်တစ်နေရာတွင် တစ်ရက်စီ လိုက်လံဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းပြည်သူ(၄၈၅)ဦးကို ရောဂါရှာဖွေစစ်ဆေးခဲ့ရာ တီဘီရောဂါဝေဒနာရှင်(၇)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)