နတ်မောက် ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ကန်ကြီးရပ်ကွက် အခြေခံပညာမူလတန်းကျောင်း မြေနေရာ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က အဆိုပါ ကျောင်းဖွင့်လှစ်သည့် ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါကျောင်းမြေနေရာ လှူဒါန်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းမြေနေရာအလှူရှင် ဒေါ်အေးအေးက ကျောင်းမြေနေရာ လှူဒါန်းမှုနှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ကျောင်းမြေလှူရတဲ့အကြောင်း ကတော့ ကန်ကြီးရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော ကျောင်းမှာ မူလတန်းပညာ သင်ယူအောင်မြင် ခဲ့ပါတယ်၊ ရည်ရွယ်ချက် ကတော့ အနာဂတ်အတွက် မျိုးဆက်သစ်ကျောင်းသား/သူများ အဆင်ပြေ စွာ ပညာသင်ယူခွင့်ရပြီး လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့ သည်။ ထို့နောက်ကျောင်းမြေအလှူရှင် ဒေါ်အေးအေးက မြေပိုင်ဆိုင်မှုအထောက်အထားများအား မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး ထံလွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ကျောင်းမြေအလှူရှင် ဒေါ်အေးအေးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ နတ်မောက်မြို့ ကန်ကြီးရပ်ကွက် အခြေခံပညာမူလတန်းကျောင်း လှူဒါန်းမြေနေရာသည် အလျား(၁၃၂)ပေ၊ အနံ (၈၈)ပေရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)