ပြင်ဦးလွင်မြို့တွင် မျက်စိခွဲစိတ် ကုသမှုအား ဖြည့်ဆောင်ရွက်နိုင်ရေး စီမံချက်ဆောင်ရွက်

ပြင်ဦးလွင် ဒီဇင်ဘာ ၉

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ အကူအညီ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ကုသမှု-အား ဖြည့်ဆောင်ရွက်ခြင်း စီမံချက်အရ ရန်ကုန်မြို့ မျက်စိအထူးကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် (၂)ဦးနှင့် သူနာပြု(၂)ဦး၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်(၁)ဦးနှင့် သူနာပြု (၅) ဦးတို့က မျက်စိအတွင်းတိမ် အခမဲ့ ကုသပေးခြင်း လူနာ(၁၀၀)ဦး၊ ပါဝါမျက်မှန် အခမဲ့ စမ်းသပ်ပေးခြင်း လူနာ(၁၀၀၀)ဦးအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျက်စိအထူးကုအဖွဲ့သည် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ မျက်စိပြင်ပလူနာ (၁၆၉၈) ဦးအား စမ်းသပ်ကုသပေးခဲ့ပြီး၊ မျက်စိအတွင်းတိမ် လူနာ (၅၉) ဦးအား ခွဲစိတ်ကုသပေးခဲ့သည်။ ပါဝါမျက်မှန် အခမဲ့ လှူဒါန်းပေးခြင်းကို ဒီဇင်ဘာလ ၈ ရက်နေ့အထိ (၁၀၈၄) ဦးအား လှူဒါန်းပေးခဲ့ပြီး ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)