ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း က ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အ.လ.က တီးပူကျောင်းနှင့် အ.ထ.က(ခွဲ)က ဘင်းချောင်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က Gender အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား/မ ရေးရာ စံနှုန်းများ၊ အခွင့်အလမ်း မတူညီမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရန်နှင့် စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစားပြုလုပ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် Boxing အားကစားနည်းများအကြောင်း တို့ကို ဟောပြောသရုပ်ပြခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ် ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာဖတ်သားခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)