ကျိုက်ထိုမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးခြင်းများ ပြုလုပ်

ကျိုက်ထို ဒီဇင်ဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ကျောင်းသား လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန် စိစစ်ရွေးချယ်ပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၆)နာရီခွဲက ကျိုက်ထိုမြို့ အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား/သူများက အပြေးမီတာ ၁၀၀(ကျား/မ)၊ လက်ထောက်တွန်းတင် (၂မိနစ်)၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀(ကျား)၊ မီတာ ၄၀၀(မ) တို့အား ယှဉ်ပြိုင်ကြရာ ကျိုက်ထိုမြို့နယ် ပညာရေးမှူး ဦးမောင်ညို၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဒိုင်အဖွဲ့များက လူရည်ချွန် စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)