လိပ်သို ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ် လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ မူးယစ်ဆေးဝါး သုံးစွဲရသည့် အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံး အန္တရာယ်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေသော၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ စသည့်နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း စသည့် အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုများကို ဒေသနေ ပြည်သူများနှင့် ကျောင်းသား/သူ လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)