မိုင်းဆတ်မြို့နယ် အ.မ.က (ဝိန်းနေ) ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မိုင်းဆတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လစဉ် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(ဝိန်းနေ)ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ပညာသင်ယူ နေချိန်တွင် ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် အခြားမူးယစ်ထုံထိုင်းစေသောဆေးဝါးများ မသုံးစွဲကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ချီးမြှင့် ပေးအပ်ကာ အချိုရည်နှင့် အာဟာရမုန့်များ ဝေငှပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက မိမိတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်ဖတ်ရှုခဲ့ကြပြီး ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)