ပိုင်ကျုံ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူလေးများက ဒို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမျိုးမြင့်ထွန်းမှ ကျောင်းတစ်ကျောင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘ/ဆရာ စည်းလုံးညီညွတ်မှုရှိရန် လိုအပ်သည့် အချက်များကိုလည်းကောင်း၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကဏ္ဍများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဒေသကို ချစ်မြတ်နိုးသည့်ပညာတတ်များ ပေါ်ထွက်လာစေရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ပိုင်ကျုံမြို့ အ-ထ-ကကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစောအယ်ခရစ်မှ ကျောင်းကောင်မတီးအဖွဲ့များ ကျောင်းသားမိဘများ ဆရာ/မများသည် မိမိကျောင်းတော်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို စိတ်ရှည်၊ သည်းခံ၊ မေတ္တာစေတနာထားပြီး ဆောင်ရွက်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီး အမှာစကားပြောကြားပြီး မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသူအားလုံးကို ပိုင်ကျုံမြို့ အ-ထ-က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပိုင်ကျုံမြို့ အ-ထ-ကကျောင်းမှ ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော် ဖြေတင်ဆက်ခဲ့ကြောင်း သိရသည် ။
နော်ခူး(ပြန်/ဆက်)