ကျောက်ဆည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ၊ အလုပ်သမားများနှင့် အများပြည်သူတစ်ရပ်လုံး အာမခံထားရှိပြီး အာမခံထားရှိသူများအား အခမဲ့ဆေးကုသမှုပေးခြင်း၊ မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်တွင် ထိခိုက်မှုသေဆုံးမှုတို့ အတွက်ငွေကြေးအကျိုးခံစားခွင့်အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးမှ ဆင်မင်းဘိလပ်မြေစက်ရုံမှ သေဆုံးသူ ဦးနေဝင်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် အဆ(၅၀)အတွက် ငွေကျပ် (၈၂၈၇၅၀၀)ကျပ်နှင့် မြို့နယ် လျှစ်စစ်အင်ဂျင်နီယာဌာနမှ သေဆုံးသူ ဦးအောင်ပိုင်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် အဆ (၃၀)အတွက် ငွေ (၄၈၆၀၀၀၀)ကျပ်ကိုလည်းကောင်း၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်ယုယုမော်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမား (၃)ဦးအတွက် မီးဖွားမှုနှင့် မီးဖွားစရိတ်ကုန်ကျငွေ စုစုပေါင်း (၃၅၅၄၀၀၀)ကျပ်ကိုလည်းကောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းက မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား(၂)အတွက် မီးဖွားမှုနှင့်မီးဖွားစရိတ်ကုန်ကျငွေ စုစုပေါင်း (၁၆၂၆၀၀၀) ကျပ်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆင်မင်းဘိလပ်မြေစက်ရုံမှ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သူ ဦးနေဝင်း၏မိခင်ဖြစ်သူ ဒေါ်သန်းသန်းစိန်မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
စုစုအေးနွယ်