သံတောင်ကြီး ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကွမ်းသီးစိုက်ပျိုး တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း အတွက် ကွမ်းပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း (၇)နှစ်တွင် စတင်သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခင် ကွမ်းသီးအစိုတစ်ပိဿာကျပ်(၂၅၀၀)မှကျပ်(၃၀၀၀)ထောင် အထိ ဈေးကောင်းများ ရရှိသော်လည်း ယခု နှစ်တွင် ကွမ်းသီးအစိုတစ်ပိဿာ ကျပ်(၁၀၀၀)မှကျပ် (၁၂၀၀)သာ ရရှိသည့်အတွက် ကွမ်းသီး စိုက်ပျိုး တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)