စဉ့်ကူး ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖွဲ့အစည်းများမှ နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့ အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ အကူအညီကို ရယူ၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သံသယဖြစ်ဖွယ် အကြမ်းဖက်မှုများ တွေ့ရှိရပါက သက်ဆိုင်ရာသို့ ညှိနှိုင်းညွှန်းပို့ ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူမှုအသိုင်းအဝိုင်းတွင် အကြမ်းဖက်ခံရမှုများ လျော့နည်းပြီး သာယာပျော်ရွှင်ဖွယ် လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စဉ့်ကူးမြို့နယ် လက်ပန်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်တင်ထက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လူမှောင်ခို၊ လူကုန်ကူးမှု ဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဲအိစံက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စဉ့်ကူးမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပန်လှနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ လက်ပန်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)