မော်လမြိုင် ဒီဇင်ဘာ ၈
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြားထားသူများတက်ရောက်သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘတ်စကက်ဘောအသင်းနှင့် သထုံမြို့နယ်ဘတ်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးပြီး ဆုပေးပွဲကိုဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစာသမားဆုရရှိသူအား ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးမျိုးဆွေကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ကျိုက်ထိုမြို့နယ်အသင်းနှင့် ချောင်းဆုံမြို့နယ်အသင်းတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမြတ်သွင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးနိုင်လယိတမတို့က ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော သထုံမြို့နယ်အသင်းအားတစ်ဦးချင်းဆုနှင့်ငွေသားဆုများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ကလည်းကောင်း၊ ပထမဆုရရှိသော မော်လမြိုင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးကလည်းကောင်း ဆုများအသီးသီးပေးအပ်ကြသည်။ ထို့နောက် ပထမဆုရရှိသော မော်လမြိုင်မြို့နယ်ဘတ်စကက်ဘောအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပေးအပ်ချီးမြှင့်ခဲ့၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)