ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုအကြို လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ပြည်  ဒီဇင်ဘာ  ၈

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်) ခန်းမဆောင်၌ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပပြုလုပ်သည်။

ဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေး က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စကားဝိုင်းထိန်းညှိသူ Moderater အဖြစ် ဆောင်ရွက်ပြီး အဆိုပါသင်တန်းကျောင်းမှ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မဖူးမြတ်ဝေက "လူငယ်နှင့်စာပေ"၊ မချမ်းငြိမ်းသူက " လူငယ်နှင့်သဘာဝပတ်ဝန်းကျင်"၊ မောင်စောလွင်အောင်က "လူငယ်နှင့်မူးယစ်ဆေးဝါး"၊ မသံစဉ်မိုးမိုးက "လူငယ်နှင့် Social Media"၊ မောင်မင်းသီဟလွင်က "လူငယ်နှင့်အောင်မြင်ကြီးပွားရေး"စသည့် ခေါင်းစဉ်များဖြင့် ကဏ္ဍအလိုက် သိမှတ်ဖွယ်ရာ ဗဟုသုတအကြောင်းများကို ဦးဆောင်ပါဝင် ဆွေးနွေးကြသည်။

အဆိုပါဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးချက်များအပေါ် Moderater က ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးခဲ့သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးကြပြီး ယင်းလူငယ်စကားဝိုင်းတွင်  ပါဝင်ခဲ့သူများကို ပြည်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)