သာယာဝတီ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန့်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ရည်ရွယ်ချက်၊ အကြမ်းဖက်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ အကြမ်းဖက်ခံရသူများအား လူမှုဝန်ထမ်းဦးစီဌာနမှ ကူညီဆောင်ရွက်ပေးမှု အစီအစဉ်များနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ စိုက်ပျိုးသိပ္ပံ (သာယာဝတီ) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်ဆက်)