ကျိုက်လတ်၌ လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်း ဆောင်ရွက်

ကျိုက်လတ် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက (၁၀)ဖြတ်လမ်းရှိ မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်ယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးတို့က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းတွင် အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက် တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေး မီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀ (မ) စုစုပေါင်း(၅)မျိုးယှဉ် ပြိုင်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ Grade-9 ၊ Grade-10၊ Grade-11 နှင့် Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

လှိုင်မင်းအောင်