စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပ ပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ ဒီဇင်ဘာ ၈

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမူဝန်ထမ်းဦးစီး ဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုင်းသည် ပိုမို လုံခြုံသော၊ ပိုမိုတန်းတူညီမျှမှုရှိသော ပိုမိုငြိမ်းချမ်းသာယာသော ပတ်ဝန်းကျင်တစ်ခုဆီသို့ ဦးတည်နေသည့် ခြေလှမ်းများပဲဖြစ်ပါကြောင်း၊ gender equality and Women’s Empowerment ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကားမြင့်မား ရေးပန်းတိုင်သည်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အားလုံးအဆုံးသတ်စေရေးနှင့် အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျခိုင်မာသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲဖြစ်သည့် စိတ်ကျန်းမာရေး ပြဿနာများသည် အမျိုးသမီးများ၏ ကျန်းမာပျော်ရွှင်မှုအပေါ် ဆိုးရွားစွာထိခိုက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများကပဲ အမျိုးသမီးများ၏ အိမ်တွင်းနှင့်အိမ်ပြင်ပမှာ အလုပ်လုပ်နိုင်စွမ်း၊ ကလေးများအား ပြုစုစောင့်ရှောက်နိုင်စွမ်း၊ လူ့အသိုင်းအဝိုင်းကြား တက်ကြွစွာ ပါဝင်နိုင်စွမ်းတို့အပေါ် များစွာ သက်ရောက်မှုရှိနေပါကြောင်း၊ အမျိုးသမီးအပေါ် ပုံစံမျိုးစုံသည့် အကြမ်းဖက်မှုများအား ကြုံတွေ့နေရမည်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ နှောင့်နှေးစေမှာ ဖြစ်ပါကြောင်း၊

အမျိုးသမီးများ၏ အခွင့်အရေးကိုဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် အရည်အသွေး များအားမြှင့်တင်ပေးပြီး အသိအမှတ်ပြုပေးခြင်း၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းများသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ခြင်းပင်ဖြစ်ပါကြောင်း၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ပေးရန်အတွက် လုံလောက်သည့် အရင်းအမြစ်များ ခွဲဝေချထားပေးခြင်း၊ ပံ့ပိုးပေးခြင်း၊ လက်လှမ်းမီရရှိအောင် စီစဉ်ထားရှိပေးခြင်းတို့သည် ကောင်းမွန်အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါ ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လယသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်