သာပေါင်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လှေကြီးတတ်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်း ကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ)ဒေါ် ချိုသဲမှ “လူငယ် အားကစားနှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ခေါင်းဆောင်ဟူသောဝေါဟာရ အဓိပ္ပါယ်ဆိုတာ အကြီးအမှူး၊ ဦးဆောင်သည့် အထက်အမြတ်ပုဂ္ဂိုလ်၊ ရှေ့ဆောင်လမ်းပြဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဆိုလိုပါကြောင်း၊ ခေါင်းဆောင်ဆိုတာ မိမိလုပ်နေသော လုပ်ငန်းကို သိရှိထားမှ မိမိရဲ့တပည့် သား၊ သမီးတွေကို ညွှန်ကြားပြောဆိုလို့ရမှာဖြစ်ကြောင်း၊ ဆရာဇော်ဂျီရဲ့ ကဗျာထဲကိုလို ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး သားထူးသားမြတ် ဖြစ်အပ်ရဝယ်” ဆိုလိုတဲ့ ကဗျာလို သားတို့ သမီးတို့ဟာ တစ်နေ့တစ် ချိန်ချိန်မှာ အနာဂတ်ရဲ့ နိုင်ငံတော်၏ သားတောင်း/သမီးကောင်းများဖြစ်ပြီး ဌာနဆိုင်ရာတစ်ခုခု၊ အသင်းအဖွဲ့ တစ်ခုခုမှာ ခေါင်းဆောင်နေရာရောက်ရှိလာကြမှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်သူတစ်ယောက် ဖြစ်လာမယ်ဆိုရင် မိမိလုပ်ငန်းကို “ဂဃနဏ”သိရှိ ထားဖို့၊အားကစားမှူးဖြစ်လာရင်လည်း အားကစားနှင့် ပတ်သက်သည့် အတက်ပညာကို တက်မြောက်တက်ကျွမ်းရန် လိုအပ်ပြီး ပြန်လည်သင်ကြားပြသလို့ ရမှာဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကာယ၊ဉာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ မျိုးဆက်သစ် လူငယ်တွေ လမ်းမှားမရောက်ဖို့ ဘဝတစ်လျှောက်လုံး ရပ်တည်ချက်မှန်မှန်ကန်ကန်နှင့် နေထိုင်သွားဖို့ လိုပါကြောင်း၊ စသည်ဖြင့် ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက “လူငယ်နှင့်ယဥ်ကျေးမှု”ခေါင်းစဥ်ဖြင့် ဟောပြောရာ ယဥ်ကျေးဆိုသည့် စကားလုံးသည် သိမ်မွေ့သော၊ ပြေပြစ်သော၊ တိုးတက်သော လူမှုအဆင့်အတန်းဟု အဓိပ္ပယ်ရှိပါကြောင်း၊ ယဥ်ကျေးမှုသည် လူ့ဘဝ၊ လူမှုဆက်ဆံရေး၌ အလွန်အရေးပါကြောင်း၊ ယဥ်ကျေးမှုတွင် ကိုယ်အမူအရာ ယဥ်ကျေးမှုနှင့် နှုတ်အမူအရာ ယဥ်ကျေးမှုဟူ၍ နှစ်မျိုးရှိပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးစွာ ပြောဆိုဆက်ဆံမှုသည် မိဘ၊ ညီ အစ်ကို မောင်နှမဆက်ဆံရေးမှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေးအထိ ပါဝင်ပါကြောင်း၊ လူငယ်တစ်ဦး၏ ယဥ်ကျေးခြင်း၊ မယဥ်ကျေးခြင်းသည် ၎င်းမျက်မှောက်ပြုနေထိုင်ရသော ပတ်ဝန်းကျင်၊ ခေတ်၊ စနစ် စသည်တို့နှင့် သက်ဆိုင်ပါကြောင်း”ဖြင့် အသိပညာပေး ဟောပြောပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ၊ သားဖွားဆရာမဒေါ်သဥ္ဇာဦးက တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ အားကစား အထောက်အကူပြုပစ္စည်း (ဘောလုံး-၁ လုံး)တို့ကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း)၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သန်း လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်