ပေါင်းတည် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ၁၀၃ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အ.ထ.က(ပေါင်းတည်)ပညာရတနာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ အ.ထ.က(မင်းကွက်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မထံမှ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ဖတ်ကြားသည်။
ယင်းနောက် ၁၀၃ နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် စာစီစာကုံး၊ကဗျာနှင့်ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ် အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် အ.ထ.က(ပေါင်းတည်)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆိုကြပြီးနောက်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
သူရကြီး ( ပြန်/ဆက်)