မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို  ယနေ့နံနက် ၁၀ နာရီအချိန်က ဝဲဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဗိုလ်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ  Grade-11 မှ ကျောင်းသား မောင်ရဲမင်းဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်၊ Grade-11 မှ ကျောင်းသား မောင်‌ညီညီနိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း  Grade-11 မှ ကျောင်းသူ မသီတာအေးက လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ ကျောင်းသူ မအေးသန္တာအောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ Grade-9 မှ ကျောင်းသူ မနွယ်နီလှိုင်က လူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြရာ  လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ လူငယ်စကားဝိုင်းသို့ ဝဲဒေါင့် (ကျေးရွာ) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား (၂၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)