သထုံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ

သထုံ ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက ဖတ်ကြားသည်။

ယင်းနောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့မှ ဆုရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြကာ ကျောင်းသားကျောင်းသူများက မြန်မာ့‌ကျောင်းသီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်