မုံရွာ ဒီဇင်ဘာ ၈
၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်း သူများက “ဇာတိမာန်”သီချင်းသီဆို၍ ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်က ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၁)ခရိုင်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ပန်းချီပြိုင် ပွဲများတွင် တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းက “မြန်မာကျောင်း” သီချင်းဖြင့်သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားတွင်ခင်းကျင်း ဆုရကျောင်းသားကျောင်းသူများ၏ နံရံကပ်ပြဘုတ်များအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တက်ရောက် လာကြသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)