ထိုင်ဝမ် သကြားပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်ရောင်းချသူများ ဈေးနှုန်းသင့်တင့်၍ ဝင်ငွေပိုမိုရရှိနေ

မြင်းမူ ဒီဇင်ဘာ

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ရိုးရာတောင်သူလုပ်ငန်းအပြင် အခြားသီးပင်/ စာပင်များကိုစိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ ထိုင်ဝမ်ပြောင်းဖူးသည် ဝယ်လိုအားရှိသည့် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရောင်းချသူများ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်းသိရှိ ရသည်။

ထိုင်ဝမ်သကြားပြောင်းဖူးပင်မှာ စိုက်ပျိုးပြီး(၂)လအကြာတွင် အဖူးများစတင်ထွက်ရှိကြောင်း၊ ယခုခြံအတွင်း အပင်(၅၀၀၀)ကိုစိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် နံပါတ်(၇၀၂) ထိုင်ဝမ်အမျိုးအစားဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့် လုပ်အားခအပါအဝင် စုစုပေါင်းငွေကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျမှုရှိကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၈၀)ခန့် အရောက်တွင် ချိုးယူရောင်းချနိုင်ပြီ ဖြစ်ကြောင်း ပြောင်းဖူးပင်တစ်ပင်လျှင် မိမိစိတ်ကြိုက် အကောင်းဆုံးအဖူးကို စတင်ခူးယူနိုင်ကြောင်း၊ နောက်ခူးယူမည့် ဒုတိယအသီးမပါ တစ်ပင်လျှင်(၁)ဖူးနှုန်းဖြင့် အဖူး(၅၀၀၀)ခန့်ရရှိပြီး လက်ရှိဈေးအရ(၁)ဖူးလျှင် (၂၀၀)ကျပ်(ဖောက်သည်ဈေး)ဖြင့် ရောင်းချမည်ဆိုပါက ငွေကျပ်(၁၀၀၀၀၀)ခန့် ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်း မြစ်ပေါက်ကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်နေသူ ဦးဖိုးဇော်ထံမှ သိရှိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ မိရိုးဖလာ ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် နှမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်အတူ စိုက်ထုတ်ရင်းနှီးမှုနည်းပါးကာ အမြတ်ငွေပိုမိုရရှိနိုင်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စားဖိုဆောင်သီးနှံများဖြစ်သည့် တိုင်ထောင်ပဲ၊ ခဝဲပင်၊ ဗူးပင်၊ ရုံးပတေသီးပင်၊ ငရုပ်ပင်၊ အပင်နိမ့်မျိုး အာဆီယံဂွေးတောက် စသဖြင့်ရွေးချယ်ကာ မိသားစုပုံမှန်ငွေရရှိရေးအတွက်စိုက်ပျိုးလုပ် ကိုင်လျက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)