ပွင့်ဖြူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဘက်စုံထူးချွန် (လူရည်ချွန်) ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးအစီအစဉ် စာမေးပွဲဖြေဆိုစစ်ဆေးခြင်းကို ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့အထိ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးစာမေးပွဲစစ်ဆေးခြင်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade -9,Grade -10,Grade -11 ,Grade -12 ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရန် လျှောက်ထားသူဦးရေ ကျား ၁၇ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ကျား ၁၇ ဦး ၊ မ ၁၆ ဦး ၊ စုစုပေါင်း ၃၃ ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ ယင်းဘက်စုံထူးချွန် (လူရည်ချွန်) ရွေးချယ်ရေးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များကို ရေးဖြေ၊ နုတ်ဖြေအပြင် အထွေထွေဗဟုသုတနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု စသည့် ဘာသာရပ်ကဏ္ဍပေါင်းစုံနှင့် စစ်ဆေးအမှတ်ပေးအကဲဖြတ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ဖြေဆိုအောင်မြင်ပါက ခရိုင်အဆင့် ထပ်မံယှဉ်ပြိုင်ဖြေဆိုသွားရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးလုပ်ငန်းအစီအစဉ်များကို မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေး ဦးဆောင်သော ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများပါဝင်သော အဖွဲ့များဖြင့် စနစ်တကျစစ်ဆေးရွေးချယ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)