တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများ တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ရေကြည်မြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ရုံးတုံးအနောက်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျေးရွာမီးလင်းရေး လျှပ်စစ်မီးအား မီးခလုတ်နှိပ်၍ ဆက်လက် ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အား တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာတွင် နေအိမ် ၃၇ လုံးအား လျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်အား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းဖြစ်ပြီး လမ်းအရှည် ၄၄၅ပေ၊ အကျယ်၁၀ပေနှင့် ထု ၈လက်မရှိကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းဖြစ်ပြီး လမ်းအရှည် ၅၃၀ ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၈ လက်မရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)