ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသင်တန်း (မင်းဂရု)အုပ်စုအဆင့် ဆွေးနွေးပွဲ ကျင်းပ

ငွေဆောင် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာဒေသများ၏ ပညာရေးအထောက်အကူပြုရန်အတွက် အခြေခံပညာဆရာ၊ ဆရာမများ စိတ်ဓာတ်၊ စည်းကမ်း ခံယူချက်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသင်တန်း (မင်းဂရု)အုပ်စုအဆင့်ဆွေးနွေးပွဲနှင့် တစ်ရက်တာသင်တန်း အခမ်းအနားအား ယမန်နေ့နံနက်(၈း၃၀)က အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းနှင့် ငွေဆောင်မြို့၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းမှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၂၀၁)၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦး ပိုင်ဖြိုးအောင်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တစ်ရက်တာသင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး မူလွန်(ရွှေဖား) ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိမှ (၁)စိတ်ဓာတ်၊ စည်းကမ်းပိုင်းနှင့်ဆိုင်သော လေ့ကျင့်သင်ကြားနည်းများ၊ (၂) Group Discussion ( Smart goal ၊စာဖတ်နည်းများ ၊ပြဿနာဖြေရှင်းနည်းများ၊ (၃) Regulation Leader (၄) IGO ကစားနည်းများ (ပညာရေးအထောက်အကူပြု ဉာဏ်ဖွင့်ကစားနည်းများ) အစရှိသည့် သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့သည်။ ထို့အပြင် သင်တန်းသား/သူများနှင့် ပြန်လှန်ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန်/ဆက်)