ကျောင်းကုန်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းသားကျောင်းသူဟောင်းများ စီစဉ်ကျင်းပသော (၃၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို တန်ဆောင်မုန်းလ ပြည့်ကျော်(၁၀)ရက် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ အပူဇော် ခံဆရာကြီး၊ ဆရာမကြီးများ၏ ကျေးဇူးဂုဏ်ကို ပူဇော်သည့်အနေဖြင့် ဂုဏ်ရောင်ရှိန်ဝါ မြတ်ဆရာ ဧကရတုပိုဒ်စုံဖြင့် ဆရာဦးဝင်းနိုင်က မွှန်းထုံပူဇော်ခဲ့သည်။ ရန်ကုန်ကော်မတီက မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဦးထွန်းဆန်းက ပြောကြားခဲ့ပြီး၊ ကျောင်းကုန်းကော်မတီက မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဦးထင်အောင်ဇော်က ပြောကြားခဲ့သည်။
ဆက်လက်၍ ရငွေ/သုံးငွေစာရင်းရှင်းတမ်းကို ဘဏ္ဏာရေးမှူး ဦးဆန်းမြင့်က ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားဟောင်းအလှူရှင် ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုမှ အ.ထ.က(၁)မျက်နှာကျက်အတွက် ငွေကျပ်(၁၀)သိန်း၊ ယခင်(၁၅)သိန်းနှင့် စုစုပေါင်း ငွေကျပ်(၂၅)သိန်း လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက လက်ခံရယူခဲ့သည်။
ထို့နောက် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအား လှူဖွယ်ကန်တော့ခဲ့ကြပြီး၊ ဆရာကြီးဦးအောင်ထင်၊ ဆရာကြီး ဦးအုန်းမောင်နှင့် ဆရာကြီး ဦးဝင်းမောင်တို့က ဆုံမဩဝါဒစကား ပြောကြားခဲ့ကြသည်။ ယခု(၃၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် အသက်(၇၅)နှစ်အထက် ဆရာကြီး၊ ဆရာမကြီး(၃၆)ဦးတို့အား အလှူငွေကျပ် (၁)သိန်းခွဲစီနှင့် အသက်(၇၅)နှစ်အောက်(၉၈)ဦးတို့အား အလှူငွေကျပ် (၁) သိန်း (၂) သောင်းစီ ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)