သနပ်ပင်မြို့နယ်တွင် မြေပဲမျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

သနပ်ပင် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဆီထွက်သီးနှံ(ဆောင်းမြေပဲ)အား မြေပဲမျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်ကလိုင်ကျေးရွာရှိ မြေပဲစိုက်တောင်သူဦးရဲမြင့်၏ လယ်မြေ(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်ကြူကြူမြင့်နှင့် မြေပဲစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး ဆီထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ခိုင်မာမှုရှိသည့် အထွက်နှုန်းကောင်း ဗီယက်နမ်မြေပဲမျိုးအား  မြေပဲမျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပေးခဲ့ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ဆောင်းမြေပဲပန်းတိုင်အထွက်နှုန်းထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းပညာများအား အသိပညာပေးဆွေးနွေးခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံဆောင်းမြေပဲ ဧက(၉၅၀၀)စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထားရှိပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် မျိုးကောင်းမျိုးသန့်မြေပဲမျိုးများအား တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)