ပြည် ဒီဇင်ဘာ ၈
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)မှ ကြီးမှူးကျင်းပပြုလုပ်သည်။
အခမ်းအနားကို ဦးစွာပြည်မြို့အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများ၏ ဇာတိမာန်သီချင်းသီဆိုဖျော်ဖြေမှုဖြင့် စတင်ဖွင့်လှစ်သည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က ဖတ်ကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြပြီး အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနားအောင်မြင်စွာကျင်းပပြီးမြောက်ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများတက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)