ဒေးဒရဲမြို့နယ် community centre ခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ဒေးဒရဲ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ စာပေလေ့လာဖတ်ရှုမှု ပိုမိုတိုးတက်စေရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်စေရေးရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်မူလတန်းအဆင့် စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း