ပဲခူးမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်

 

ပဲခူး ဒီဇင်ဘာ ၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦမျိုးဆွေဝင်းက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသူနှင့် စာစီစာကုံး ဒုတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊‌ ကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များမှာ “တိုင်းရင်းသား အားလုံး၏ ညီညွတ်သောစုပေါင်းအားဖြင့် ဒီမိုကရေစီဇက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး၊ စီးပွားရေးမောင်နှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေး” တို့ကို အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်၊ စည်းလုံးညီညွှတ်သော အမျိုးသားရေးအားမာန်များဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းသွား ကြရန်ဖြစ်ကြောင်း သိရသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)