ပြည် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက "အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုမင်္ဂလမဟာထေရ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းတိုက်ကြီး၌ ကျင်းပသည်။
ဦးစွာ ဆရာတော် သံဃာတော်များအမှူးပြုသော တပည့်ဒါယကာ၊ ဒါယိကာမ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ချိုးဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့မဟာသုဒဿနာရာမကျောင်းတိုက် ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" "အဂ္ဂမဟာပဏ္ဍိတ" ဘဒ္ဒန္တသေဋ္ဌိလဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက အကြည်ညိုခံဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်း၏ ပရိယတ္တိသာသနာ့နုဂ္ဂဟအဖွဲ့ဝင် ဦးသောင်းအေးက ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပရခြင်းအကြောင်းအား လျှောက်ထားတင်ပြကာ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ တဲကြီးကုန်းအရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရက "မဟာထေရ ဂုဏ ကိတ္ထနဂါထာ"ဖြင့် ဖတ်ကြားပူဇော်သည်။
ယင်းနောက် နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းပူဇော်သော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ရ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ဦးစီးပဓာနမဟာနာယက ဆရာတော်ဘုရားကြီးထံ(ဘွဲ့လက်မှတ်၊ အောင်လံတော်နှင့် သေတ္တာ- ဆိုင်းဘုတ်)တို့ပါဝင်သော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်အဆောင်အယောင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ဒေသကွပ်ကဲရေးမှူး(ပြည်)နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်ပူဇော်ကြပြီး နိုင်ငံကျော်တေးသံရှင် အနုပညာရှင်၊ အတတ်ပညာရှင်များအဖွဲ့က စင်္ကြာလည်ရတုပိုဒ်စုံနှင့် "ဂုဏပူဇာ ထပ်တွန့်ရှစ်ဆယ်ပေါ်" တေးထပ်တို့ဖြင့် တီးမှုတ်သီဆိုပူဇော်ကြသည်။
ထို့နောက် အကြည်ညိုခံဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုပူဇော်အလှူတော်ငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ နေနတ်သားကျောင်းတိုက် ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" "အဂ္ဂမဟာပဏ္ဍိတ" ဘဒ္ဒန္တသုစိတ္တ မဟာထေရ်မြတ်က "ဗုဒ္ဓချီးမွမ်းမြတ်ရဟန်း" တရားတော်နှင့် အနုမောဒနာတရားချီးမြှင့်တော်မူကာ ဝေနေယျအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မင်္ဂလာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)