ချောင်းသာမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ချောင်းသာ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ထုတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေမွန်းလွဲ(၂)နာရီက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ကဗျာဆရာ ဘိုမျိုး(ရွှေဘို) ရေးဖွဲ့ထားသော “အမျိုးသားနေ့မမေ့အပ်ရာ” ကဗျာ၊ ရန်ကုန်ယူနီဗာစီတီဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအမည် စသည့်အကြောင်း အရာများ ပါဝင်ကြောင်းသိရသည်။

ချောင်းသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်းကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများအားလုံးသိရှိပြီး အမှတ်ရစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများအပြင် လူထုအခြေပြု ဗဟိုဌာနနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့်ပတ်သက်သည့် နံရံကပ်နှင့် စာအုပ်/စာစောင်ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)