မင်းဘူးမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မင်းဘူး ဒီဇင်ဘာ ၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းက ဖတ်ကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူကလေးများက ဇာတိမာန်၊ မြန်မာ့ကျောင်းသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်များတွင် မြို့နယ်အဆင့်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)