ဒေးဒရဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေး၊ အမျိုးသားရေးစိတ်ဓာတ်များကို ခံယူတတ်စေရေးနှင့် လေ့လာမှတ်သားနိုင်စေရေးအတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသားကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အခြေခံပညာ အလယ်တန်းပြ ဆရာမ ဒေါ်တင်တင်မိုးက မြန်မာတစ်မျိုးသားလုံး ဝံသာနုရက္ခိတစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာအောင် နှိုးဆော်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ကျောင်းသား၊ ကျောင်းသူများသည် စစ်မှန်သောပညာကို အခြေခံသည့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် အမျိုးသားအောင်ပွဲခွန်အားများ စုစည်းတည်ဆောက်၍ ပညာစွမ်းအားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း