မော်လိုက် ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၁၃၈၅ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က အ.ထ.က စုံညီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”သီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊အလယ်တန်း၊မူလတန်း(အဆင့်) စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေမှုအားကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။
အဆိုပါ အခမ်းအနားတွင် မော်လိုက်ခရိုင်ရုံးဝန်ထမ်းများက တက်ရောက်လာကြသည့် ဧည်သည်တော်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော “သတင်းစကား” လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်