အုတ်ဖိုမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အုတ်ဖို ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-အုတ်ဖို) ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က-အုတ်ဖို ကျောင်းသား ကျောင်းသူများက "ဇာတိမာန်" သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် အ.ထ.က-အုတ်ဖို ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

 အောင်သူ (အုတ်ဖို)